Pages

Labels

Monday, December 31, 2012

Mother!s home


ဘုရားခန်းမှာ ထိုင်
အတွေးပေါင်းဆုံနဲ့ မျက်နှာချင်းဆိုင်ရင်း
အမှတ်မထင် 
ကောင်းကင်ကို မော့ကြည့်တော့
ကျိုးတို့ကျဲတဲ ခေါင်မိုးကြားမှာ
လင်းနေတဲ့ လမင်းက
ပြီတီတီမျက်နှာနဲ့
ချိုကြည်စွာ ပြောင်ရီလို့
ကြယ်ကလေးတွေကလည်း
လှောင်ပြုံးတစ်ချက်နဲ့
ငါ့ဘ၀ကို
ဝေဖန်သုံးသပ်လို့ပေါ့....
သင်းတို့ မေ့နေကြသလော
အမေရှိရင် ပိုက်ဆံရှိတယ်ဆိုတဲ့စကားက
မေတ္တာတရားကနေ
ဆင့်ပွားခဲ့တာပါ
ဝင့်ကြွားစွာ တစ်ခုပြောပြမယ်
အမြင်မှန်ပေါ် ရပ်ကြည့်ရုံနဲ့
အမှန်ကို မြင်နိုင်ပါ့မလား......?
ကံကြမ္မာ အလိုက်လွဲတဲ့ပွဲမှာ
အဆောင်အယောင်မွဲနေပေမယ့်
အမေဆောက်ထားတဲ့ သည်တဲက
လေပြေမပြောနဲ့
မုန်တိုင်းတောင် မဝှေ့နိုင်ဘူး
မိုးပြိုလို့ မြေအက်
မီးတောင်တွေ ပေါက်ကွဲထွက်ပါစေအုံးတော့
အနှိုင်းမဲ့ မေတ္တာဖြင့်တည်သောတဲအိမ်
မိုးတိမ်တွေ ဘယ်လောက်ပြိုပြို
ငါ မငိုပါဘူး
ခေါင်မိုးက ယို
ထရံကာ လေခိုပေမယ့်
အမေအို လောင်းရိပ်တည်သ၍
မြင့်မိုရ်ထက် ကြီးမြတ်တဲ့အကာအကွယ်နဲ့
အရာအားလုံးဟာ
အခမ်းနားဆုံး
အနန္တပြည့်စုံတယ်.....။

                                                                                အမေများသို့
                                                                                    ထာဝရ ဦးညွတ်လျှက်
                                                                                              သင်းကွဲငှက်
 

Sunday, December 30, 2012

ကောင်းကင်အတွက် သံစဉ်


လမင်းက မသာ
နေမင်းလည်း မလာတော့
ကြယ်စင်ရောင်ဖျော့သွားတဲ့ ဘ၀က
မိုးမျှော်တဲ့ ဖားလိုမျိုး
အက်ကြောင်းထ ရင်ဘတ်တစ်ခြမ်းနဲ့
ကာရန်ပျက်တေးသွားကို စမ်းဆိုရင်း
အိုဟောင်းသော အမှောင်လမ်းမှာ
ပိုးစုန်းကြူးအရောင်တန်းနဲ့
လဲကျတိုင်း ပြန်စမ်းထခဲ့တယ်..။
ဒါပေမယ့် ကံကြမ္မာက
မျက်နှာသား မပေးခဲ့သလို
လက်ဗလာနဲ့လာတဲ့ လူမျိုးကို
ဘယ်သူတွေ မြတ်နိုးနိုင်မှာလဲနော်....။
ကြိုးစားခဲ့တာပါပဲ
ဝင်ရောက်လာသမျှ
မုန်တိုင်းတွေ အန်တုဖြတ်ကျော်ဖို့
တက်ထိုးလှော်မယ်ကြံတိုင်း
ဖျက်ချိုးခံနေရတဲ့ တောင်ပံအစုံဟာ
အားကုန်လက်ပန်းကျမြဲ
ပတ်ဝန်းကျင်ဆိုတာ
ငွေဂုဏ်မာနခဲတွေပေါ့...။
ကျားနာမာန်မဲသလို
တောက်တစ်ချက်ခေါက် အံကိုကြိတ်
ဝေဒနာတွေ မျိုသိပ်ကာ
ထင်းခွေမကြုံတာမို့
ရေခပ်အလာစောင့်ရင်း
မကျေနပ်တာ မှန်ပေမယ့်
ကျေနပ်စွာ ခံယူခဲ့ပါတယ်လောကဓံ...။
သည်လိုနဲ့ပေါ့ ကောင်းကင်ယံရယ်
အပူသောကရောက်တိုင်း
အမေ့ကို လွမ်းတယ်
ချွေးတစ်ပေါက်ကျတိုင်း
အဖေ့ကို သတိရတယ်
မုန့်ဝယ်စားဖို့ ပိုက်ဆံမရှိတဲ့အခါ
အကို့ကို တမ်းတမိတယ်
မျက်ရည်နဲ့စတဲ့ ဘ၀က
ရက်ရှည်ဒဏ်ရာတွေနဲ့
အနာဂတ်မှာ လှပနိုင်ပါ့မလား...?
ဟူးးးးးးးးးးးးးးးးးးးး
သက်ပြင်းရှည် အမောချ
အတိတ်ဆိုတာ ...
အရိပ်သာ ကျန်ခဲ့တယ်ဆိုပေမဲ့
ရင်ထဲမှာတော့
သိမ်ငယ်ခြင်းတွေ အနယ်ထိုင်နေဆဲ
ရှေ့ရေးအခက်အခဲတွေက
တွေးလေ ဆွေးစရာကောင်းလေပေါ့...။
ဒါပေမဲ့ အမေ..အဖေ..အကိုတို့ရေ
သင်တို့ ပေးခဲ့သော
ကျွန်ုအတွက်
ရပိုင်ခွင့် အနည်းငယ်မျှဖြင့်
လောကဓံတိုက်ပွဲမှာ
အစွမ်းကုန် ယှဉ်နွဲသွားပါ့မယ်
သစ္စာတရားကို သက်သေထား၍....ပေါ့...။

                                                                                             သင်းကွဲငှက်

Saturday, December 29, 2012

Nightingale

 အဖော်မကပ်ပေမယ့်
ကြုံသမျှအရာရာ ကျော်ဖြတ်ဖို့
အသိုက်ကို ဖောက်ထွက်ခဲ့ခြင်း
အဖော်ကင်းသော ငှက်
လေကိုဆန် ခွဲထွက်လို့
လောကဓံရဲ့ စီးမျောမှုမှာ
တစောင်းလိုက် တောင်ပံဆန့်တန်း
ဘေးဘီမကြည့် ပျံသန်းရင်းပေါ့
လေပြင်းတွေ တိုက်ခက်လည်း
ငါ့ အစွမ်းနဲ့ ငါ
ငါ့ အင်အားနဲ့ ငါ
ဒဏ်ရာတွေကို ဆေးသိပ်ခဲ့...။
အဲဒီလိုနဲ့
တေလေငှက်ရဲ့ သမိုင်းပြဇာတ်မှာ
ခြောက်ကပ်ကပ်ရယ်သံကို အထင်ကရပြုလို့
လှပမှုအတိတ် မရှိခဲ့သလို
မပီပြင်ဝိုးတ၀ါး ကန္တာရထဲ
အိပ်ပျော်ဆဲ အက္ခရာတွေသာ
ပျံသန်းလှုပ်ရှား သွားလာလို့
ပိုးစားနေတဲ့ ရည်မှန်းချက်က
အိပ်မက်တွေမှ တရေးမနိုးသေး
နောင်တသံစဉ်တေးတစ်ပုဒ်နဲ့
ကိုယ့်ဘာသာကို ရှယ်ယာထုက်ရင်း
ဘ၀ဆိုတာကြီးက
ခေါင်းမကျပန်းမကျ ဆက်လက်ရွှေ့လျားမြဲ...။
တခါတလေ အနင်းခံရတဲ့အခါ
ပြားသွားတာ ပြန်ဖိဖို့နေနေသာသာ
ခါကျဉ်ကောင် မာန်ကြီးပေမယ့်
ဟန်မချိနိုင်သလိုမျိုး
မထိတထိရယ်တက်တဲ့ ကံကြမ္မာကြောင့်
သက်ပြင်းမော အသာကွယ်ချကာ
လဲရာက ပြန်ထနိုင်ဖို့
မာန်ဟုန်ပြင်း အားတင်းခိုက်
တစ်ဝရှုလိုက်တဲ့ လေထုထဲမှာ
ထူမယ့်လက်တွေ ပါ..ပါရဲ့လား....?
မသိနိုင် ကြိုမမြင်နိုင်ခြင်းတစ်မိုးအောက်
Question တစ်ပုဒ်နဲ့
လောကဆီက အဖြေထုက်
ဟုတ်သော်ရှိ မဟုတ်သော်ရှိ
ဆန္ဒသွေးနဲ့ အင်အားတွေကိုပေါင်းစု
အသားကုန် ညှစ်အော်ပြီး
ကောင်းကင်နံရံကို ပစ်ထုလိုက်တဲ့အခါ
ဝါကျတစ်ခု ပေါ်ထွက်လာတယ်
အဲ့ဒါက........
*ဘ၀ဆိုတာ* ဒီလိုပါပဲ...တဲ့...။

                                                                                 သင်းကွဲငှက်


အပြုံးမပျက်တဲ့ လမင်း

















အကြောင်းမလှတဲ့ ကံကြမ္မာကြောင့်
အမေ့မျက်နှာ အိုစာနေပေမယ့်
သားသမီးတွေ အတွက်ဆို
အပြုံးမပျက်တဲ့ လမင်းလို
အမြဲတမ်း ၀င်းထိန်လျှက်ပါ...။
သားသိပါတယ် အမေ
နှလုံးသားချင်း ရင်းနှီးသူပီပီ
နားလည်ခံစားမိပါတယ်..
အပြင်ပန်း မျက်နှာမှာ
အသွင်ဆန်း ပြုံးပြနေပေမယ့်
ဒုက္ခနတ်ဆိုးတွေကြောင့်
နာကျင်နေတဲ့ အမေ့ရင်မှာ
နှလုံးသားတွေ ကြွေမွနေရောပေါ့...။
အမေဟာလေ...
မာယာများတဲ့ လောကကြီးမှာ
သဘာဝရဲ့ဒဏ်ကို ရင်ဆီးခံလို့
ဒီဆင်းရဲသား ငမွဲတွေအတွက်ဆို
သွေးအသက်ကို အလေးမထား
အမဲရိုးနဲ့ ထမင်းစားပြီး
မြင့်မိုရ်တောင်ကြီးကိုတောင်
ဆီးသီးလို သဘောမှာကပ်
ကျေနပ်စွာထမ်းရွက်မဲ့သူဟာ အမေပါ...။
အဆုံးစွန်ထိ ပြောရရင်
ရိုးတံပြိုင်းပြိုင်း ထနေတဲ့
နွေရာသီသစ်ပင်အိုတွေလို
ပူပြင်းလွန်းတဲ့ ဘ၀နေကြောင့်
ဆံဖြူသွားကျိုး ခါးကုန်းနားထိုင်း
အိပ်ရာထဲ ဘိုင်းဘိုင်းလဲခဲ့ရင်တောင်
ဇရာမင်းရဲ့ လက်တွင်းကနေ
တောက်ပတဲ့ အပြုံးပန်းလေးများနဲ့
ဆင်မြန်းပေးအုံးမယ့်သူဟာ အမေပါ....။

                                                                                                   အမေများသို့ 
                                                                                                            ထာဝရ ဦးညွတ်လျှက်.....
                                                                             
                                                                                                         သင်းကွဲငှက်

အဖြူရောင် သီအိုရီ


ပေါက်ကွဲခွင့် မရှိလို့
ချုပ်တည်းထားမိသူရဲ့ ဝေဒနာ
မင်း စာနာနိုင်ပါ့မလား...?
ရင်ထဲမှာ
မင်း နင်းလျှောက်သွားသမျှ
ရွှေခြေကျင်းရာတွေ အပြည့်အသိပ်နဲ့
ခံစားခွင့်မရှိမှန်း သိလျှက်
သွေးဆိပ်တက်ခဲ့ရတဲ့ ရက်တွေ
အိပ်မက်ကြွေ
ခုနစ်စဉ်ရောင်ထွေ ဇာတ်လမ်းမှာမှ
ခေါင်းဆောင်ဖြစ်ခဲ့ရတဲ့ 
သည်ကောင်ရဲ့ စိတ်ကူးအနမ်းတွေ
မရှိုက်ခင်ကတည်းက ..ပြေ
မစိုက်ခင်ကတည်းက ..သေခဲ့ရပေါ့ ။
ပွဲမစခင် ရှုံးနိမ့်မှုနဲ့
နာကျင်မှာမှန်းသိပေမယ့်
ကျေနပ်စွာ ခံယူဖို့
ကိုယ်တိုင် ဆူးစူးခံခဲ့မိသူပါ...။
ဗလောင်ဆူ ရင်ခွင်နန်းမှာ
အလွမ်းတွေ သိမ်းထားပါရစေတော့..
မတားပါနဲ့
မှန်သားချက်တွေ အရောင်ပြယ်ခဲ့ပြီပဲ
ကံကြမ္မာ သယ်လာအပ်တဲ့
ကံတရားကွဲအက်မှုနဲ့ အတူ
မျှော်လင့်ချက်များကို အဆုံးသတ်
528...ဆိုတဲ့ သင်္ချာထက်မှာ
အက္ခရာတွေကို စိစစ်ရွေးချယ်
အဖြူထည် ခက်ဆစ်ဖွင့်ခြင်းနဲ့
သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်ပါရစေတော့
ကြိုးတစ်စထဲ ခြားခဲ့တာပါညီမရယ်....။

                                                                                                     သင်းကွဲငှက်


Friday, December 28, 2012

နိဒါန်းမလှတဲ့ ပန်းတိုင်

နှင်းဆီပန်းတစ်ပွင့်ရဲ့
ခပ်လဲ့လဲ့အပြှုံးဆင်ယင်မှုက
ကန္တာရလွင်ပြင်ကျယ်ကို
ရှင်သန်ခြင်းတွေဖြစ်စေခဲ့တယ်။
ကြားဖူးတာပဲ
လမင်းရဲ့အလင်းရောင်က
မီးတောင်ကိုဖောက်ခွဲမယ့်
မိုက်ရူးရဲဓားသွားတစ်လက်တဲ့...
မိုးစက်လေးတွေကျသံ
စမ်းချောင်းကလေးရဲ့ရယ်မောသံတွေထက်
ဂလောက်ဆန်တဲ့ရင်ခုန်သံတွေ
ပိုပြင်းထန်ကျယ်လောင်ခဲ့တာ
နတ်သမီးခြေသံက
ဆန်းကြယ်စေခဲ့တာလား...?
မရင်းနှီးသေးတဲ့အက္ခရာက
ဘာမပြောညာမပြောနဲ့
နှလုံးသားကိုစီးချင်းထိုး
လူဆိုးရဲ့ရင်ခွင်ရိုင်းမှာ
အယဉ်ပါးဆုံးပန်းတွေပျိုးချ
စနစ်တကျဖွဲ့စည်းထားတဲ့ခံတပ်တွေ
အယိုင်ယိုင်ပြိုကျခဲ့တာပါ...
ကောင်မလေး မင်းက
အမြဲတမ်းပြုံးရယ်နေတက်သူပါ
ဒါပေမယ့်.....
အပြုံးတိုင်းမှာအလှရှိပါ့မလား...?
ဒီလို သံသယမျှားချက်တွေက
ရင်ထက်မှာတစ်စင်းပြီးတစ်စင်းစိုက်
စစ်မတိုက်ခင်အလံဖြူပြလိုက်ရတဲ့
ဒဏ်ရာရသူရဲကောင်းတစ်ယောက်လို
ငါ့နှလုံးသားဟာ
ကတောက်ကဆစိတ်အစဉ်တွေနဲ့ရူး
ပထမဦးဆုံးခြေလှမ်းမှာတင်
ဆူးစူးခံလိုက်ရတဲ့ အဖြစ်ပေါ့နော်...။

                                                                                                 သင်းကွဲငှက်

ဆောင်းအိပ်မက်ရဲ့ ရက်ရှည်အလွမ်း

သည်ဆောင်းပေါ့
အလွမ်းတွေကို ကျူးရင့်စေခဲ့တာ
ဖြူဖွေးနေတဲ့ ငွေကြယ်စင်တွေလို
မှုန်မှိုင်းမှိုင်း မြူနှင်းတွေကြားမှာ
နှင်းဆီကြိုက်ပါတယ်ဆိုတဲ့ မင်းက
အနီရောင်အလံတစ်လက်ကို ကိုင်လို့
နတ်ဆိုးတစ်ကောင်ရဲ့
ဝိညာဉ်မဲ့ သံစဉ်တွေလို
ငါ့ နှလုံးသားဗဟိုရ်ကို
သွေးစိမ့်စိမ့်ယိုစေခဲ့တယ်...။
အဲဒီအချိန်
ဆောင်းနှင်းတွေ ဝေပေမယ့်
ငါ့အသည်းတွေ ကြွေနေခဲ့
လေပြေညှင်းကလည်း
စာနာခြင်းကင်းမဲ့စွာ
ပူပြင်းကာ လောင်မြိုက်လို့
မနေ့တနေ့ကမှ
စိမ်းလန်းစိုပြေနေသေးတဲ့
ငါ့ရင်ခုန်သံတွေကလည်း
သည်ကနေ့မှ
မောပန်းနွမ်းလျလို့....။
အလွမ်းဆိုတဲ့ မွေ့ယာထက်မှာ
နာကျင်ခြင်းတွေကို ခေါင်းခုရင်း
ငါ အိပ်စက်ခဲ့ရတယ် 
နေ့စဉ်ရက်ဆက်ပေါ့ ချစ်သူ...။
 
သည်လိုနဲ့...
တစ်စစီ လွင့်ပြယ်သွားတဲ့
ပျော်စံရာ အိပ်မက်နန်းတော်ဆီ
တဖန် ခြေဦးပြန်လှည့်ဖို့
သန်ခေါင်ယံထံ လက်လှမ်းတဲ့အခါ
အရုဏ်ဦးက ထပြောတယ်
မင်းလုက်ရပ် မိုက်မဲလွန်းတယ်တဲ့လေ...။
 
ဟုတ်ပါတယ် ချစ်သူ
ငါဟာ အချစ်ကြောင့်ရူးသွပ်သွားခဲ့တာပါ
မင်း ဖန်ဆင်းပေးလိုက်တဲ့
ချော်ရည်ပူ မြစ်တစ်ဆင်းမှာ
ပျော်ရွှင်စွာ ကူးခတ်ရင်း
ဆောင်းနှင်းတွေနဲ့ တူညီမယ့်နေ့
လေပြေညှင်းတွေ အေးမြမယ့်နေ့
ရင်ခုန်သံတွေ စိုပြေမယ့်နေ့
နေ့များစွာကို စောင့်မျှော်လို့
ကြယ်တစ်စင်း ကြွေဆင်းချိန်မှာ
ဆုမွန်ကောင်းတောင်းမိပါရဲ့
အချစ်ရေ......
သည်ဝဋ်မှ ကျွတ်ပါရစေတော့ကွယ်...။
 
                                                                                           သင်းကွဲငှက်

Thursday, December 27, 2012

သူ့ကိုတွေ့ရင် ပြောပေးစမ်းပါ

သူ့ကိုတွေ့ရင် ပြောပေးစမ်းပါ

ပင်လယ်မှာ မပျော်ဘူးလို့

မြစ်ကို မျှော်ဖူးမိခြင်းရယ်ပါ

မာယာတွေ တက်သတဲ့လား

ဆန်းဆန်းပြားပြားနဲ့

ခမ်းခမ်းနားနားနဲ့ တည်ထားတဲ့အိမ်

အကြိမ်ကြိမ်ဝင်ဖို့ ကြိုးစားသမျှ

သဲတွေထဲ ခဲရေကျသလိုမျိုး

အတိုးနဲ့သာ အရည်ပျော်ပျောက်ရှ

အဖန်တစ်ရာမက

ကံကြမ္မာက ဖျံကြလွန်းတယ်ဆိုတဲ့အကြောင်း....

 

သူ့ကိုတွေ့ရင် ပြောပေးစမ်းပါ

*သင်းကွဲငှက်*ဆိုတဲ့ ဒီငနဲကောင်

နိမိတ်အကွဲ ရှေ့ဆောင်နေခြင်းလား..?

ဘာပဲလုပ်လုပ် ဖုတ်ကနဲပြုက်ကျ

အမြင့်မတက်ရဆိုတာ တကယ်လား..?

လှိုင်းတွေ အထပ်ထပ်ရိုက်ပုက်ပေမယ့်

ကမ်းပါးပြိုက တုန့်ပြန်ခြင်းမဲ့

မှန်လို လူစားမျိုးဆိုရင်

ဘာကြောင့် ပြဒါးတွေကုန်ခမ်းနေခဲ့တာလည်း

ပေးသလောက်ပြန်မရတဲ့အခါ

လက်သီးဆုပ်က ရော့ရဲနာကျင်လာတယ်...

 

ဒါပေမယ.့်ကွယ်

ချိုးချင်သလောက်သာ ချိုး

မာနပင် ပျိုးမထားရက်ခဲ့

အသွေးအသားတွေ ကြဲပက်ပြီးသားမို့

အနားသတ်မထားတဲ့ ဒီရေအိုင်လေးမှာ

မင်းကြိုက်သလို နေထိုင်ခွင့်ရှိသေးတယ်ဆိုတဲ့အကြောင်း

သူ့ကိုတွေ့ရင် ပြောပေးစမ်းပါ

သူ့ကိုတွေ့ရင်...ပြောပေးစမ်းပါ

သူ့ကိုတွေ့ရင် .........ပြောပေးစမ်းပါ....။

 

                                                                                                 သင်းကွဲငှက်

သင်းကွဲငှက်

 

အဖော်မရှိဘူး

မခေါ်ပဲလာတဲ့ဧည့်သည်တွေသာ

ဧည့်ခန်းမှာ ပြည့်ကျပ်လို့

တ၀က်တပျက်ထွက်ပေါက်နဲ့

ရှင်သန်ထမြောက်လာကတည်းက

တကယ်တော့ ဘ၀ဆိုတာ

မပြည့်ဝတဲ့ သုညလိုပါပဲ

အရေးပါပြီး အရာမရောက်ခဲ့..။

 

တစ်ကောက်ကြွက်တော့ မဟုတ်ဘူး

ဒါပေမယ့် အထီးကျန်နေတယ်

မိုက်မဲမှုမပါဘဲ မှားယွင်းနေတဲ့

အနားသတ်မျဉ်းကြောင်းအစပ်က

အနာဂတ်တစ်ချို့ အရည်ပျော်ကျ

အော်ခွင့်မရရှိတဲ့ ငြီးငွေ့မှုမှာ

နွေးထွေးခြင်းတွေ လောင်မြိုက်ခံခဲ့ရတာပါ...။

 

ရက်စက်ကြတာလား

သစ်ရွက်လို မြေခစဉ်

ကြွေအကျ ကောက်ယူသူမတွေ့

ကိုယ်အရွေ့မှာ  တိုက်ခက်တဲ့လေညှင်းက

ပူပြင်းသွေ့ခြောက်လိုက်တာ(အရမ်းပဲ)...။

 

ငါရှာနေတဲ့ နားခိုရာ 

ဘယ်နေရာ ဘယ်ဆီမှာလဲ

သင်းကွဲငှက်တစ်ကောင်ရဲ့

အတောင်ပံခက်သံလို

တဖြည်းဖြည်းနဲ့....

ငါ့ရှိုက်သံတွေ မောပန်းနွမ်းလျ

ကမန်းကတမ်း ထခဲ့မှုမှာ

အိပ်မက်တွေ ခွေယိုင်လဲ

သမုဒယခြေလှမ်း ကျဲကျဲတွေသာ

ငါ့အခန်းနံရံမှာ

ပျံဝဲကခုန်လို့ပေါ့....။

 

ပေးကြစမ်းပါဗျာ

သောကတွေ အကုန်လုံးပေးလိုက်စမ်းပါ

ရွှံ့ဗွက်တွေ လိမ်းကျံထားရတဲ့

အနက်ရောင် ကတ္တရာလမ်းမထက်

အမှိုက်ဖက်တွေ ထပ်ပစ်လည်း

ပိုပြီး ဘာထူးအုံးမှာမို့လဲ

ထူသွားတဲ့ အနာရွတ်ကြောင့်

နာကျင်ပြီးသား နှလုံးသား

အား....ကနဲ အော်ဖို့တောင်မေ့နေတယ်...။

အဆွေ....ကံကြမ္မာ

ငါဟာ သင်းကွဲငှက်သာသာပါပဲ

ဒါပေမယ့်....

မိုးရွာချိန်ကို မျှော်ချင်သေးတယ်..။

 

                                                                                 သင်းကွဲငှက်



                                                     

မင်းအတွက်...ငါ

ငါ့အတွက် ငါ

မွေးဖွားခဲ့တာ မဟုတ်ဖူး

မင်း လိုအပ်ရင်သုံးဖို့

ကုန်ကြမ်းအဖြစ်ရှင်သန်ခဲ့တာ

မင်း သိပါတယ်

သုညကိုရှေ့တန်းတင်

တိုက်ပွဲဝင်နှလုံးသားအတွက်

ပြန်ရလိုက်တဲ့သင်္ကေတအမှတ်က

အရှုံးရဲ့ပြယုဂ်တွေချည်းပဲဆိုတာ..

ပြောကြစမ်းပါ

ရူးသွပ်နေသူလို့

ငါ့ကို ဘယ်သူဆိုမလဲ

အဆိပ်ကိုဝါးမျိုမိမှတော့

သွေးအန်မှာကိုကြောက်ရမတဲ့လား

တိမ်မဲညိုရဲ့ဖုံးလွှမ်းမှုကို

ရင်ခွင်အိုနဲ့ထွေးပိုက်ရင်း

မာယာတွေကြားမှာ

သစ္စာတရားကိုရအောင်ရှာမယ်

မုန်တိုင်းအလယ်က

နူးညံ့မှုတွေယ်မှာလဲ

လှိုင်းလုံးခပ်ကြမ်းကြမ်းရဲ့

ဟော့သွမ်းသွေး ရယ်မောသံအောက်

ခက်ထန်မာကြောပါတယ်ဆိုတဲ့

ကျောက်တိုင်တစ်ခု ပြုက်ကျ

အဲ့ဒါ...ဘ၀တဲ့လား?

ရင်မှာနာပေမယ့်

ပျော်စရာလို့သတ်မှတ်

မင်းပေးတဲ့အရှုံးတွေကို

အကောင်းဆုံးမုန့်အဖြစ်နဲ့

ငါ စားသုံးခဲ့တယ်..

ကောင်မလေးရယ်

မင်းရဲ့   ကောင်းကင်အောက်မှာ

ရယ်မောခြင်းတွေ ကခုန်ဖို့

ဓားသွားပေါ်ကပျားရည်စက်တွေကို

နောက်မဆုက်တမ်းကုန်အောင်သောက်

နှလုံးသွေးဖောက်ကနဲကျတောင်

ပေးဆပ်ခြင်းတွေက

ပြုံးပြနေအုံးမှာပါကွယ်....။

                                                                                                   သင်းကွဲငှက်                       

ဘ၀နေနည်း


THE WAY TO LIVE
When  staying with  many people, stay as if  alone.
When alone , you make  yourself if  you stay with  many people.
အများနဲ့နေရင် တစ်ယောက်တည်းနေသလိုနေ
တစ်ယောက်တည်းနေရင် အများနဲ့နေသလိုနေ
ဒီဒိုင်ယာလော့က ဘာပြောတာလဲ
အနော့်အမြင်ကတော့
လူသားတိုင်းဟာ အများနဲ့ အတူနေတဲ့အခါ အများမိုးခါးရေသောက်ရင် 
လိုက်သောက်တတ်ကြတရ်ဆိုတာကိုပြောတာထင်တရ်
တစ်ယောက်တည်းနေတဲ့အခါမှာ
အများနဲ့နေသလိုနေဆိုတာ
တစ်ယောက်တည်းနေရင် ဘယ်သူသိတာမှတ်လို့ဆိုပြီး မကောင်းတာကို 
လွန်ကျူးတတ်ကြတရ်လေ
အဲဒါကြောင့် မကောင်းမှု့ဆိုတာကို 
လူသိအောင်လည်းမလုပ်မိစေနဲ့
လူမသိအောင်လည်းမလုပ်မိစေနဲ့တဲ့

ငါ့ရင်မှာ

မသိမသာ တွယ်ငြိလာတာ

ငါ မထင်မိဘူး

ရင်ထဲမှာ အချိန်ရှိတိုင်း မင်းပဲလေ

အချိန်တိုင်းမဟုတ်တောင် 

ငါခနတော့ မေ့ထားပါ့ရစေ

အရာရာကို စိတ်စွဲနေတတ်တဲ့အကျင့်က

င့ါရင်ကို နှိပ်စက်နေတရ်

ငါ့ရင်ကို မကစားပါနဲ့

လိုရာကို စားသုံးပြီးတော့

လွတ်မြောက်ခွင့်ပေးပါ

ဦးနှောက်ထဲက ထုတ်တာတောင်

ဘာလို့မေ့မရတာလဲ

သေချာပြီလေ

သယ်ရင်းထက်ပိုတဲ့သံယောဇဉ်

ငြိတွယ်နေပြီ..။


 

http://r29.cooltext.com/rendered/cooltext915542719.gif